ကချင်ပြည်နယ်အစိုးရအဖွဲ့မှ နယ်မြေအခြေအနေအရ မံဝယ်ဒေသရှိ ပြည်သူများအား ပြောင်းရွှေ့ပေးလျက်ရှိ

မြစ်ကြီးနား မေ(၇)
ကချင်ပြည်နယ်အတွင်း နယ်မြေအခြေအနေအရ ဖားကန့်မြို့နယ်၊ လိုင်နောင်ခူ(မံဝယ်)ဒေသမှ ပြည်သူများအား လုံခြုံအေးချမ်းရာဒေသများသို့ ပြောင်းရွှေ့ပေးရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းကော်မတီအဖွဲ့နှင့်ဌာနဆိုင်ရာစုပေါင်းအဖွဲ့တို့သည် မေ(၆)ရက်နေ့ညနေပိုင်းမှ စတင်၍ပြောင်းရွှေ့ ပေးလျက်ရှိရာ မေ(၇)ရက် နံနက်ပိုင်းတွင် အဆိုပါဒေသမှ ပြည်သူများအား ခေါ်ယူပြောင်းရွှေ့ပေးလျက် ရှိသည်။
အဆိုပါ ပြောင်းရွှေ့ပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဖွဲ့စည်း ထားသော လုပ်ငန်းကော်မတီအဖွဲ့ဝင်များသည် အဆိုပါ ဒေသရှိ ဒေသခံအိမ်ထောင်စု (၂၉)စု၊ လူဦးရေ (၁၃၆)ဦးတို့နှင့် ရပ်ဝေးမှလာရောက်နေထိုင်သူ (၁၉)ဦးတို့အား စိစစ်ပြောင်းရွှေ့ပေးရေး ဆန္ဒသဘော ထားရယူပြီး ပြောင်းရွှေ့လိုသူ (၁၄၇)ဦးတို့အား ယနေ့နံနက်(၇)နာရီတွင် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ နှင့် မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူးဦးစီးသော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များနှင့် တပ်ရင်းတပ်ဖွဲ့များသည် ချောင်းဝကျေးရွာမှ တစ်ဆင့်ရေလမ်းကြောင်းဖြင့် စက်လှေ(၇)စီး၊ ကမ်းလမ်းကြောင်းတွင် မော်တော် ယာဉ်များဖြင့် သွားရောက် ခေါ်ဆောင်ခဲ့ကြသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူးဦးစီးသော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ တို့သည် ချောင်းဝကျေးရွာ၌ ပြောင်းရွှေ့ပြည်သူများအား မုန့်များ ဝေငှကျွေးမွေးကြိုဆိုခဲ့ကြပြီး အဆိုပါ ကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်း၌ နေ့လည်စာကျွေးမွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် သွားရောက်နေထိုင်လိုသည့်နေရာများအတွက် စာရင်းကောက်ယူမှု လုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး အိမ်ထောင်စုတစ်စုလျင် လူဦးရေအလိုက် (၂)ဦးစာအတွက် ငွေကျပ် (၁၀၀၀၀၀)၊ (၂/၃)ဦးလျှင် ငွေကျပ်(၁၅၀၀၀၀)နှင့် (၃/၄)ဦးနှင့် အထက်မိသားစုတစ်စုလျင် ငွေကျပ် (၂၀၀၀၀၀) စီကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ချောင်းဝကျေးရွာမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် မိသားစုဝင်များ သွားရောက်လို သောဒေသများဖြစ်သည့် ကာမိုင်း၊ မိုးကောင်းမြို့နယ်အတွင်းနှင့် မြစ်ကြီးနားမြို့နယ်အတွင်းသို့ ပို့ဆောင် ပေးလျက်ရှိကြောင်းသိရှိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဧပြီလဆန်းမှစတင်၍ ဖြစ်ပေါ်လျက်ရှိ သောနယ်မြေအခြေအနေအရ နေရပ်စွန့်ခွာတိမ်းရှောင်နေရသော ပြည်သူများအတွက် ကျန်းမာရေးစောင့် ရှောက်မှုနှင့် စားနပ်ရိက္ခာပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ လုံခြုံရေးအရပြောင်းရွှေ့ပေးနိုင်ရေးတို့အတွက် ဦးစီးကော်မတီနှင့် ဌာနဆိုင်ရာအစုအဖွဲ့တို့ပါဝင်သော လုပ်ငန်းကော်မတီ(၄)ဖွဲ့ ဖွဲ့စည်းပြီး မေ(၄)ရက်နေ့ မှစတင်၍ သက်ဆိုင်ရာဒေသများအလိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့ ပေးမှုများ ဆောင်ရွက်ပေးခြင်းနှင့် ကလေးသူငယ်များ/ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများအား အရေးပေါ် ပြောင်းရွှေ့ပေးနိုင်ရေးနှင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးရေးစသည့် လိုအပ်ချက်များ အတွက် စာရင်းအမှန်ရရှိရေး စာရင်းဇယားကောက်ယူမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရှိရသည်။

Visitors: 8,447