(၇၂)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနား ကချင်ပြည်နယ်၌ ကျင်းပ

မြစ်ကြီးနား မေ(၅)
(၇၂)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်း ကချင်ပြည် နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ မီးသတ်တပ်ဖွဲ့ဝင်များ ၏ စွမ်းရည်များပြသခဲ့ကြပြီး ထောက်ပံ့ငွေနှင့် စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တက်ရောက်လာသူအားလုံးက မီးသတ်တပ်ဖွဲ့ ဝင်စစ်ကြောင်းများနှင့်အတူ နိုင်ငံတော်အလံအား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်က (၇၂)နှစ် မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားသည်။
ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များ၏ မျှော်စင်နှစ်ခုပေါ်မှနေ၍ ကြိုးတန်းပေါ် အတက်/အဆင်း ပြုလုပ်ခြင်း၊ တစ်ဦးချင်းအသက်ကယ်စွမ်းရည်များကို လက်တွေ့သရုပ်ပြခြင်းနှင့် ခေတ်မီရှာဖွေကယ် ဆယ်ရေးပစ္စည်းများဖြင့် ယာဉ်မတော်တဆမှုဖြစ်စဉ်များအတွက် ကားအတွင်း ပိတ်မိနေသူများအား ဝင် ရောက်ကယ်ဆယ်ရေးလုပ်ငန်းကို လက်တွေ့ပြသခြင်း၊ ကျောင်းအခြေပြု မီးဘေးလုံခြုံရေးပညာပေး ဖြစ်သည့် ကျောင်းသား/သူလေးများက မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ပြခြင်း၊ ဂက်(စ်)အိုးမတော် တဆမီးလောင်မှုအား လက်တွေ့ငြိမ်းသတ်ပြသခြင်း၊ ခေတ်မီ မီးသတ်ပိုက်ခေါင်း(၃)ခုကို အသုံးပြု၍ ဆီ မီးလောင်မှုကို ငြိမ်းသတ်ခြင်းနှင့် မီးငြိမ်းသတ်ယာဉ်များ၏ မီးငြိမ်းသတ်မှုစွမ်းရည်ကို ရောင်စုံရေလုံးဖြင့် ငြိမ်းသတ်ပြသခြင်းတို့ကို သရုပ်ပြသခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်မီးသတ်တပ်ဖွဲ့သို့ ထောက်ပံ့ငွေကျပ် (၁၀)သိန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက မီးသတ်စက်ကြီးဖြင့် မီးသတ်စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဗိုလ်မှူးကြီးသူရမျိုးတင်က မီးသတ်တပ်ဖွဲ့ဝင်များ၏ယူနီဖောင်းဝတ် ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက မီးစက်ကလေးဖြင့် မီးငြိမ်းသတ်စွမ်းရည် ဆုရရှိသူများကို ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

Visitors: 8,447