နယ်မြေလုံခြုံရေးအခြေအနေအရ ဒေသအသီးသီးရှိ ပြည်သူများအားပြောင်းရွှေ့ပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

မြစ်ကြီးနား မေ(၅)
ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော လတ်တလောအခြေအနေများအရ နေရပ်စွန့်ခွာ တိမ်းရှောင်နေသူများအား ၎င်းတို့တိမ်းရှောင်ရာဒေသများမှ လိုအပ်သည့် ကူညီထောက်ပံ့ပေးမှုများ ဆောင်ရွက်နိုင်ရေးနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများအား အရေးပေါ် ပြောင်းရွှေ့ခေါ်ယူကယ်ဆယ်နိုင်ရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့အနေနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး မေ(၄)ရက်နေ့မှ စတင်၍ ဒေသအလိုက် စုဖွဲ့၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြသည်။
ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းကော်မတီ(၄)ဖွဲ့ ဖွဲ့စည်းခဲ့ပြီး နေရပ်တိမ်းရှောင်သူများရှိရာ မြစ်ကြီးနားခရိုင်အတွင်း နောင်နန်း၊ တန်ဖဲ၊ တီယန်ဇွပ်၊ နမ္မတီးဒေသသို့လည်းကောင်း၊ တနိုင်းမြို့နယ်၊ အောင်လောဒ်ဒေသသို့လည်းကောင်း၊ ချီဖွေနှင့် ဝိုင်းမော်မြို့နယ်၊ ရှငေါ်ဒေသသို့ လည်းကောင်း၊ မိုးညှင်း ခရိုင်၊ ဖားကန့်မြို့နယ် လိုင်နောင်ခူ(မံဝေ)ဒေသများသို့ လည်းကောင်း စုဖွဲ့၍ သွားရောက်ကြပြီး အဆိုပါ ဒေသများရှိ နယ်မြေအခြေအရ နေရပ်စွန့်ခွာပြည်သူများအား နေထိုင်စားသောက်မှုအခြေအနေ၊ စားနပ် ရိက္ခာနှင့် ဆေးဝါးများထောက်ပံ့ရန် လိုအပ်မှုအခြေအနေများအတွက် စာရင်းအမှန်ရရှိရေး၊ စခန်းများ အလိုက် ကလေးသူငယ်/ သက်ကြီးရွယ်အို/ ကိုယ်ဝန်ဆောင်မိခင်အင်အားစာရင်းနှင့် နယ်မြေလုံခြုံရေး အခြေအနေအရ ပြောင်းရွှေ့ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားကြမည်ဖြစ်သည်။
ယင်းသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီး မှူးခေါင်းဆောင်သောအဖွဲ့သည် တီယန်ဇွပ်ကျေးရွာ၊ နှစ်ခြင်းဘုရားကျောင်း၌ တိမ်းရှောင်ရောက်ရှိနေ သော အိမ်ထောင်စု(၂၈)စု၊ လူဦးရေ(၁၃၂)ဦးတို့အား လိုအပ်သည့် အကူအညီများဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြပြီး မိသား စုများအတွက် ဆန်အိတ်(၇၀)၊ ဆီ (၆)ပုံး၊ ပဲ(၁)အိတ်၊ ဆား(၅)အိတ်၊ ကြက်သွန်နီ၊ အားလူးနှင့် ငါးခြောက် (၁) အိတ်စီတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် အခြားလုပ်ငန်း ကော်မတီအဖွဲ့များအနေဖြင့်လည်း နေရပ်တိမ်းရှောင်ပြည်သူများရှိရာ ဒေသအသီးသီးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လတ်တလောဖြစ်ပွားနေသော အခြေအနေအရ နေရပ်စွန့်ခွာ ပြည်သူများအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့နှင့် ညှိနှိုင်း၍ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့များ၊ INGO ၊ NGOအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

Visitors: 8,528