ပြည်နယ်ဝန်ကြီးချုပ် နေရပ်စွန့်ခွာပြည်သူများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား မေ(၃)
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနား ခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၃)ရွာမှ နယ်မြေအခြေအနေကြောင့် နေရပ်စွန့်ခွာ လာသောပြည်သူများအား သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်ကြသည်။
ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ငြိမ်းချမ်းရေးမရှိသေးသည့် အကျိုး ဆက်အနေဖြင့် ယခုလို နေရပ်တိမ်းရှောင်လာရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေးရရှိရေးအ တွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသကဲ့သို့ ပြည်သူတစ်ဦးချင်းစီက ငြိမ်းချမ်းလိုသည့် စိတ်ဓာတ် မွေးမြူကြရန် လိုအပ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် လက်နက်ကိုင်ပဋိပက္ခ၏ အကျိုးဆက်ဖြင့် ယခုလို ခံစားနေရသော ပြည်သူများနှင့် ထပ်တူရှိနေပါကြောင်း၊ ဒါအပြင် လိုအပ်ချက်များကို တတ်နိုင်သ လောက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လိုအပ်သည့်ကျန်းမာရေး၊ နေထိုင်စားသောက်ရေးတို့အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဖြင့်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နောင်နန်း တြီနတီဘုရားကျောင်းဝင်းအတွင်းရှိ အိမ်ထောင် စု(၁၆၀)အတွက် တစ်အိမ်ထောင်လျင် ငွေကျပ်(၃၀၀၀၀)နှုန်း ဖြင့် စုစုပေါင်းငွေကျပ်(၄၈၀၀၀၀၀)ကို ထောက်ပံ့ပေးအပ်ရာ စခန်းတာဝန်ခံသင်းအုပ်ဆရာ ဦးလခေါင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထိုမှတဆင့် မြစ်ဆုံဒေသ တန်ဖရဲကျေးရွာ မယ်တော်မာရိယာကောင်းကင်ဘုံသခင်မဘုရား ကျောင်း၌ နေရပ်စွန့်ခွာပြည်သူများအား တွေ့ဆုံအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါ ဘုရား ကျောင်းဝင်းအတွင်းရှိ အိမ်ထောင်စု(၂၁၅)စုအတွက် ငွေကျပ်(၆၄၅၀၀၀၀)နှင့် တီယန်ဇွပ်ကျေးရွာနေ နေရပ်စွန့်ခွာ အိမ်ထောင်စု(၂၈)စုအတွက် ငွေကျပ်(၈၄၀၀၀၀)ကို ထောက်ပံ့ပေးအပ်ရာ ဘုန်းတော်ကြီး ဆွတ်အောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားနှင့် လိုအပ်ချက်များကို တင်ပြခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ လတ်တလောနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပေးနိုင်ရေးအတွက် မြန်မာသူရကျောက်မျက်ကုမ္ပဏီမှ လှူဒါန်းသည့် အလှူ ငွေကျပ် သိန်း(၇၀၀)ကို ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ကာ ပြည်နယ်လူမှုရေးဝန်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

Visitors: 8,528