အင်ဂျန်းယန်မြို့နယ်မှ နယ်မြေအခြေအနေအရ ခေတ္တတိမ်းရှောင်လာသောဒေသခံများအား ဆန်ရိက္ခာနှင့် မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား ဧပြီ(၂၈)
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၃)ရွာမှ ဒေသခံပြည်သူ(၁၀၀၀)ကျော်တို့သည် နယ်မြေအခြေအနေအရ ခေတ္တတိမ်းရှောင်လာကြရာ အဆိုပါ ဒေသခံများအား ၎င်းတို့ ယာယီနေထိုင်ရာ ဘုရားကျောင်းများသို့ ယနေ့ နံနက်ပိုင်းတွင် ပြည်နယ် အစိုးရအဖွဲ့၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့တို့က ဆန်ရိက္ခာနှင့် မိသားစု သုံးပစ္စည်းများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ဒေသခံပြည်သူများ ခေတ္တတည်းခိုရာ မြစ်ဆုံဒေသ၊ တန်ဖရဲကျေးရွာရှိမာရီယာ ကောင်းကင်ဘုံသခင်မဘုရားကျောင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့သည့် ဆန်အိတ် (၃၆၄)အိတ်၊ ဆီပိဿာ(၆၂၀)၊ ကုလားပဲ ပိဿာ(၃၀)ဝင် (၃၁)အိတ်နှင့် ဆား (၁၅၅)ပိဿာတို့အား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ခေတ္တတိုင်းဦးစီး ဗိုလ်မှူးကြီးထွန်းနေလင်းနှင့် နယ်စပ်ဒေသတိုင်း ရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးတို့က ပေး အပ်ကြပြီး ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ မိသားစုဝင် သုံးပစ္စည်းများဖြစ်သည့် Dignity Kit ၊ Sanitary Kit ၊ Kitchen Setများကို ခရိုင်အုပ်ချုပ်ရေးမှူးဦးခေါင်လန်ဒီးနှင့် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးဂဲနက်(စ်)တို့က တစ်အိမ်ထောင်လျှင်တစ်စုံစီကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက်နောင်နန်းကျေးရွာ တြီနတီဘုရားကျောင်းအတွင်းရှိ ခေတ္တတိမ်းရှောင်ပြည်သူ များအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အားပေးစကားပြောကြားပြီး ပြည်နယ်အစိုးရ အဖွဲ့မှ ဆန်(၅)အိတ်နှင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ မိသားစုသုံးပစ္စည်းများဖြစ်သည့် Dignity Kit ၊ Sanitary Kit ၊ Kitchen Set များကို တစ်အိမ်ထောင်လျှင် တစ်စုံစီ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ကျေးရွာ (၁၃)ရွာမှ နယ်မြေအခြေအနေရ ခေတ္တတိမ်း ရှောင်လာသော မိသားစုများမှာ မြစ်ဆုံဒေသရှိ ဘုရားကျောင်းတွင် အိမ်ထောင်စု(၁၇၈)စု၊ လူဦးရေ (၈၈၃)ဦးနှင့် နောင်နန်း တြီနတီဘုရားကျောင်းတွင် အိမ်ထောင်စု(၁၀၄)စု၊ လူဦးရေ (၅၁၃)ဦးရှိကြ ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၎င်းမိသားစုများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးနှင့် ကျန်း မာရေးစောင့်ရှောက်မှုများရရှိစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

Visitors: 8,518