မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ အသည်းရောင်အသားဝါရောဂါ(စီ)ပိုး ကုသမှုစတင်မည်ဖြစ်ကြောင်း အသိပေးဆွေးနွေး

မြစ်ကြီးနား ဧပြီ(၂၅)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ အသည်းရောင် အသားဝါ (စီ)ပိုး လူနာများအား ကုသမှုစတင်မည်ဖြစ်ကြောင်း အသိပေးဆွေးနွေးပွဲနှင့် ရောဂါကုသ မှုနှင့် စပ်လျဉ်းသည့် သင်တန်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
အသိပေးဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ကချင်ပြည်နယ်အတွင်း အသည်းရောင်အသားဝါရောဂါ‘စီ’ပိုး ကုသမှုလုပ်ငန်းအတွက် မြစ်ကြီးနား အထွေထွေရောဂါကုဆေးရုံကြီးကို New Treatment Center အဖြစ် တိုးချဲ့ ထည့်သွင်းပြီး ‘စီ’ ပိုး ကူးစက်ခံရသူလူနာများကို ရောဂါအဆင့်အလိုက် ရွေးချယ်၍ မကြာမီလပိုင်းအတွင်း ကုသပေးသွား တော့မည်ဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများကိုယ်စား အထူးဝမ်းမြောက် မိကြောင်း ပြောကြားသည်။
အဆိုပါ အသိပေးဆွေးနွေးပွဲတွင် မြစ်ကြီးနားဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ရန်ကုန်ကုတင်(၅၀၀)ဆံ့ အထူးကုဆေးရုံကြီး အသည်းရောဂါ ဌာနမှူးပါမောက္ခဒေါက်တာဝင်းနိုင်က အသည်းရောင်အသားဝါရောဂါကုသရေးဆိုင်ရာလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် အသည်းရောင်အသားဝါကာကွယ်ထိန်းချုပ်ရေးစီမံချက် မန်နေဂျာ ဒေါက်တာခင်စန္ဒာအောင်က ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော အမျိုးသားအသည်းရောင်အသားဝါ ကာကွယ်ထိန်းချုပ်ရေးစီမံချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ခဲ့ကြသည်။
ကချင်ပြည်နယ်အနေဖြင့် မြစ်ကြီးနားမြို့တွင် အသည်းရောင်အသားဝါရောဂါ‘စီ’ပိုး ဖြစ်ပွား မှုမှာ(၄)ရာခိုင်နှုန်းဝန်းကျင်နှင့်‘ဘီ’ပိုးဖြစ်ပွားမှုမှာ(၅)ရာခိုင်နှုန်းခန့်ရှိကြောင်းနှင့် ပြည်နယ်အတွင်း ရှိ အချို့ဒေသများတွင် မူးယစ်ဆေးဝါးသွေးကြောထဲထိုးသွင်းသူများအကြား‘စီ’ပိုး ကူးဆက်မှုမှာ မြင့်မားလျက်ကြောင်းကို ပြည်သူလူထုအတွင်း အသည်းရောင်အသားဝါရောဂါ ဖြစ်ပွားမှုကို ဆေးသု တေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့၏ ရောဂါပိုးဖြစ်ပွားမှု စစ်တမ်းများအရ သိရှိ ရသည်။
ယင်းနောက် အသိပေးဆွေးနွေးပွဲအပြီးတွင် အသည်းရောင်အသားဝါရောဂါနှင့် ပတ်သက်၍ သိသင့်သည်များ၊ နောက်ဆုံးပေါ်ဆေးဝါးများ ကိုင်တွယ်သုံးစွဲ၍ ကုသမည့်နည်းလမ်းများနှင့် စာရင်း ဇယားရေးသွင်း ကောက်ယူမှုလုပ်ငန်းများကို ပြည်နယ်အတွင်းရှိ ဆေးရုံမှသမားတော်ကြီးများ၊ ရောဂါဗေဒဆရာဝန်ကြီး၊လက်ထောက်ဆရာဝန်များနှင့်လက်ထောက်ညွှန်ကြားရေးမှူးများ၊သူနာပြု များ အပါအဝင်စုစုပေါင်း(၄၁)ဦးတို့အား ရန်ကုန်နှင့်မန္တလေးရှိ ပြည်သူ့ဆေးရုံကြီးများနှင့် အထူးကု ဆေးရုံကြီးများမှ အသည်းရောဂါဆေးကုဌာန ပါမောက္ခ/ ဌာနမှူးများက (၂)ရက်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Visitors: 8,518