မြစ်ကြီးနားမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်လှစ်၍ ဒေသခံပြည်သူအများအပြားဖြင့် ငြိမ်းချမ်းပျော်ရွှင်စွာပါဝင်ဆင်နွဲလျက်ရှိ

မြစ်ကြီးနား ဧပြီ(၁၃)
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ ၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာ သင်္ကြန်ပွဲတော် အကြိုနေ့တွင် မင်းရပ်ရပ်ကွက်ရှိ ဇော်ဂျွန်းလမ်းတစ်လျှောက်နှင့် ပြည်သူ့ရင်ပြင်၌ ကျင်းပသည့် မြစ်ကြီးနားလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ယနေ့နံနက်(၉)နာရီတွင် ဖွင့်လှစ်၍ ပျော်ရွှင်စွာရေ ကစားခဲ့ကြသည်။
မြစ်ကြီးနားလမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးနေဝင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဒိတ်(ခ) ဦးခင်မောင်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပွဲတော်အတွင်း ယိမ်းအဖွဲ့ များ၏ လမ်းလျှောက်သင်္ကြန်ပွဲတော်အထိမ်းအမှတ် အကအလှများဖြင့် ကပြဖျော်ဖြေမှုကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီး ဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့်ဇနီး၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အတာရေဖြင့် လိုက်လံပျက်ဖြန်းပေးကြသည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်အတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၏ စတုဒီတာမဏ္ဍပ်များတွင် အစားအသောက်များဖြင့် ဧည့်ခံမှု၊ ယိမ်းအဖွဲ့များ၏ အကအလှ များနှင့် ခေတ်ပေါ်တေးသီချင်းသီဆိုဖျော်ဖြေမှုများဖြင့် ဒေသခံပြည်သူအများပြားပါဝင်ဆင်နွဲခဲ့ ကြပြီး ငြိမ်းချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြသည်။

Visitors: 8,518