ဒေသထွက်ကုန်ပြပွဲနှင့် ပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲ ကျင်းပ

မြစ်ကြီးနား မတ်(၁၀)
ကချင်ပြည်နယ်၏ ဒေသထွက်ကုန်ပစ္စည်းများ ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာစေရေးနှင့်ပြည်ပပို့ကုန်တိုးတက်ရေးအတွက် အလားအလာရှိသော ဒေသထွက်ကုန်များ စျေးကွက်ပိုမိုရရှိလာပြီး ကုန်ထုတ်လုပ်သူများ၊ပို့ကုန်လုပ်ငန်းရှင်များနှင့်တောင်သူများ၏အသိဉာဏ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဒေသထွက်ကုန်ပြပွဲနှင့် ပို့ကုန်မြှင့်တင်ရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဦးဟန် နှင့် DANA Facility မှ Mr.Peter Brimble တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဦးဟန်က မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပို့ကုန်မြှင့်တင်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ ကို ရှင်းလင်းတင်ပြပြီး DANA Facility မှ Mr.Peter Brimble ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု ပတ်သက်၍ DANA Facility မှ ပံ့ပိုးကူညီဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆွေးနွေးပွဲတက်ရောက်လာ ကြသည့် လုပ်ငန်းရှင်များက ခန်းမအတွင်းပြသထားသည့် ဒေသထွက်ထုတ်ကုန်ပစ္စည်းများ ဖွင့်လှစ် ရောင်းချနေသည့် ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲကို မြန်မာ့ကုန်သွယ်မှုမြှင့်မားရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ အသေးစား နှင့်အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ကုန်သည်/ စက်မှုအသင်းနှင့် DANA Facilityတို့မှတာဝန်ရှိသူများကဦးဆောင်၍ ပြည်နယ်အတွင်းရှိကုန်ထုတ်လုပ်ငန်းရှင်များ၊တောင်သူ များနှင့် စိတ်ပါဝင်စားသူများ နှင့်အတူ ပြည်နယ်အတွင်းရှိ ပို့ကုန်အလားအလာရှိသော သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးဆိုင်ရာများ၊ ဒေသထွက်ကုန်များ ပြည်ပတင်ပို့မှုမြှင့်တင်နိုင်ရေး ဆောင်ရွက်နိုင်မှုများ၊ ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံအလားအလာများကို စကားဝိုင်း ဆွေးနွေးပွဲ များဖြင့် မတ်(၁၀)ရက်နှင့် (၁၁)ရက်တို့တွင် ဆွေးနွေးဆောင်ရွက်သွားကြမည်ဖြစ်သည်။

Visitors: 8,447