စက်လှေတိမ်းမှောက်ရာတွင် ပါဝင်သူများအား ကိုယ်ကျိုးမဖက်ကယ်ဆယ်ပေးခဲ့သူများကို ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား မတ်(၉)
မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ၌ ဖေဖော်ဝါရီ(၂၅)ရက်က အင်းတော်ကြီးရွှေမြဉ္ဇူဘုရား ပွဲတော်မှအပြန် (၈)တန်းကျောင်းသား/သူများ တင်ဆောင်လာသော စက်လှေတိမ်းမှောက်ခဲ့ရာ အဆိုပါ ဖြစ်စဉ်တွင် စက်လှေပေါ်ပါလာသူများအား ကိုယ်ကျိုးမဖက်ပဲ ကူညီကယ်ဆယ်ပေးခဲ့သူ ဦးစိုးသန်း၊ ကိုဖြိုးဝေကိုနှင့် ကိုကျော်မင်းဦးတို့ (၃)ဦးအား ပြည်နယ်အစိုးရအဖွဲ့မှ ယနေ့ နံနက်(၁၁)နာရီတွင် အင်းတော်ကြီးဒေသရှိ အင်းတော်ဓမ္မာရုံ၌ သွားရောက်ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ယင်းသို့ ဂုဏ်ပြုချီးမြှင့်ရာတွင် အင်းတော်ဓမ္မာရုံ၌ စက်လှေတိမ်းမှောက်ရာတွင် ပါဝင်သည့် ကျောင်းသား/သူများနှင့် ၄င်းတို့၏မိဘများအား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်၊ ပြည်နယ်ဝန်ကြီးများ၏ဇနီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးခဲ့ကြပြီး စက်လှေတိမ်းမှောက်ရာတွင် ကိုယ်ကျိုးမဖက်ကူညီကယ်ဆယ်ပေးခဲ့သော ဦးစိုးသန်း၊ ကိုဖြိုးဝေကိုနှင့် ကိုကျော်မင်းဦးတို့ (၃)ဦး အား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်သည့် မှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေကျပ် (၇)သိန်း၊ ခေါက်ဆွဲခြောက်များ၊အနွေးထည်များနှင့်ပြည်နယ်ဝန်ကြီးချုပ်မိသားစုမှခြုံစောင်များကို ဝန်ကြီးချုပ် ၏ဇနီးနှင့် ပြည်နယ်ဝန်ကြီးတို့က ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ စက်လှေတိမ်းမှောက်ရာတွင် ပါဝင်သူများနှင့် ကျောင်းသားမိဘများအား ပြည်နယ်အစိုးရအဖွဲ့မှ ခေါက်ဆွဲခြောက်၊အနွေးထည်များ၊ ပြည်နယ်ဝန်ကြီးချုပ်မိသားစုမှ ခြုံစောင် များနှင့် သေဆုံးသွားကြသူများအတွက် မိုးညှင်းခရိုင်၊ မြို့နယ်နှင့် စေတနာအလှူရှင်များက စုပေါင်း ၍ နာရေးကုန်ကျစရိတ် ငွေကျပ် (၂၅၅၉၆၀၀) ကို တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ် ခဲ့ကြသည်။
အဆိုပါ စက်လှေတိမ်းမှောက်မှုကြောင့် စက်လှေပေါ်တွင် လိုက်ပါလာသူ (၁၈)ဦးတို့အနက် ဦးစိုးသိန်း၊ ကိုဖြိုးဝေကိုနှင့် ကိုကျော်မင်းဦးတို့က ကယ်ဆယ်ပေးနိုင်ခဲ့သဖြင့် စက်လှေဆရာနှင့် အလယ်တန်းပြဆရာမတစ်ဦးအပါအဝင် အဋ္ဌမတန်းကျောင်းသား/သူ(၇)ဦးတို့မှာ အသက်ရှင်ကျန်ရစ် ခဲ့ကြပြီး ကျန် (၉)ဦးတို့မှာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဆိုပါဖြစ်စဉ်အတွက် ကျန်ရစ်သူကျောင်းသား/သူများနှင့် သေဆုံးသူများအတွက် ငွေကျပ် (၂၉၁၀၀၀၀)သွားရောက် ထောက်ပံ့ပေးအပ်ပြီး ကျန်ရစ်သူကျောင်း သား/သူ (၇)ဦးတို့အား စာမေးပွဲဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

Visitors: 8,528