ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပူတာအိုဒေသရှိပြည်သူများ ရိက္ခာပြတ်လပ်မှုမရှိစေရေး ဆန်နှင့်စားနပ်ရိက္ခာများ တပ်မတော်လေယာဉ်ဖြင့် ပူတာအိုသို့ ပို့ဆောင်


မြစ်ကြီးနား မတ်(၁)
ကချင်ပြည်နယ်အတွင်း လတ်တလောအခြေအနေများအရ ပူတာအိုဒေသ၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ရိက္ခာပြတ်လပ်မှု မရှိစေရေးအတွက် ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ လိုအပ်လျက်ရှိသော ဆန်နှင့် အခြားစားနပ်ရိက္ခာများကို ဖေဖော်ဝါရီ(၂၈)ရက်နှင့် မတ်လ(၁) ရက်တို့တွင် မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်မှ တဆင့် ပူတာအိုမြို့သို့ တပ်မတော်ကုန်တင် လေယာဉ်ဖြင့် ပို့ဆောင်ထောက်ပံ့ပေးလျက်ရှိသည်။
ယင်းသို့ ပို့ဆောင်ရာတွင် နန်ပေါင်လေဆိပ်၌ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့တို့ကပါဝင်ကူညီပို့ဆောင်ပေးခဲ့ကြပြီး ဖေဖော်ဝါရီ(၂၈)ရက်တွင် ဆန်အိတ်(၂၅၇)အိတ် ကို တပ်မတော်ကုန်တင်လေယာဉ်ဖြင့် (၂)ခေါက်ပို့ဆောင်ပေးခဲ့ပြီး ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆန် အိတ်(၃၀၃)အိတ်၊ ဆီ(၁၀)ပိဿာဝင် (၁၀)ပုံး၊ ကြက်သွန်နီ (၅)အိတ်၊ ကြက်သွန်ဖြူ (၄)အိတ်၊ ခေါက်ဆွဲခြောက် (၁၀)ဖာနှင့် ပဲနီလေး(၁)အိတ်၊ ခရမ်းချဉ်သီး၊ ကြက်ဥ၊ လက်ဖက်၊ ငါးခြောက်နှင့် ပေါင်မုန့် စသည့် စားနပ်ရိက္ခာများကို တပ်မတော်ကုန်တင်လေယာဉ်ဖြင့် ပူတာအိုမြို့သို့ (၃)ခေါက် ပို့ဆောင်ပေးခဲ့ကြရာ ပူတာအိုလေဆိပ်၌ ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော အဆိုပါ စားနပ် ရိက္ခာများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်သားများနှင့် ဌာနနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ ပူးပေါင်းကူညီမှုဖြင့် လက်ခံရယူလျက် ရှိကြသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပူတာအိုဒေသရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ အတွက် ရိက္ခာထောက်ပံ့မှုအနေဖြင့် စုစုပေါင်းဆန်အိတ်(၅၆၀)အိတ်၊ စားသုံးဆီပိဿာ(၁၀၀)နှင့် အခြားစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

Visitors: 8,528