ပြည်နယ်အတွင်းရှိ သဘာဝဘေးနှင့် စစ်ရှောင်ပြည်သူများအတွက် ဆန်တန်ချိန် (၃၁၁.၄၇၇)တန် ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်

မြစ်ကြီးနား ဖေဖော်ဝါရီ(၂၁)


ကချင်ပြည်နယ်အတွင်းရှိ သဘာဝဘေးနှင့် စစ်ရှောင်ပြည်သူများအတွက် ASEAN +3 အရေးပေါ်အရန် ဆန်ရိက္ခာ အစီအစဉ် (၃)အရ ဂျပန်နိုင်ငံအစိုးရမှ လှူဒါန်းသော ဆန်တန်ချိန် (၃၁၁.၄၇၇)တန်အား ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ဆန်အိတ်များလွှဲပြောင်း ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ကအမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ်က ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အာဆီယံ+ (၃) နိုင်ငံ အတွင်းမှာ ဆန်ရိက္ခာကို အဓိကအနေဖြင့် အရန်စီစဉ်ထားရှိပြီး အရေးပေါ်အခြေနေ အစီအစဉ် (၃) အရ ဘေးသင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားပြီး အမှန်အတကယ်လိုအပ်သည့် နေရာများတွင် ကူညီထောက်ပံ့ပေးရေးအစီအစဉ်အဖြစ် ယခုလို ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ APTERR Council Member စိုက်ပျိုးရေးဦးစီးဌာန ဒုတိညွှန်ကြားရေးမှူး ချုပ် ဦးအေးကိုကိုက လှူဒါန်းဆန်များရရှိရေး ဆောင်ရွက်ခြင်း၊ ဖြန့်ဝေရန်သယ်ဆောင်ခြင်းနှင့် သက်ဆိုင်ရာအဖွဲ့များသို့ လွှဲပြောင်းအပ်နှံခြင်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ထိုင်းနိုင်ငံ
APTERR Tier-3 အတွင်းရေးမှူးရုံးမှ အထွေထွေမန်နေဂျာ Mr. Chanpithya Shimphlee က APTERR အဖွဲ့အစည်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် APTERR Tier-3 အစီအစဉ်အရ လှူဒါန်းသော ဂျပန်နိုင်ငံအစိုးရ(ကိုယ်စား) ဂျပန်နိုင်ငံသံရုံးမှ ဒုတိယအတွင်းဝန် Mr.Kazuyoshi Suzuki က ဂျပန်နိုင်ငံအစိုးရနှင့်ပြည်သူ တို့က ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် ဆန်ရိက္ခာလိုအပ် ချက်အဆင်ပြေစေရေး ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဆန်အိတ်များ ကို APTERR Tier-3 အတွင်းရေးမှူးရုံးမှ အထွေထွေမန်နေဂျာနှင့် ဂျပန်အစိုးရကိုယ်စားလှယ် တို့မှ ပြည်နယ်အစိုးရအဖွဲ့ထံလွှဲပြောင်းပေးအပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်ယနေ့ထောက်ပံ့လှူဒါန်းသည့်ဆန်အိတ်များကို ပြည်နယ် အတွင်းစစ်ဘေးရှောင်စခန်းများရှိရာ မြစ်ကြီးနားခရိုင်အတွင်းရှိ စခန်း(၄၁)ခု၊ အိမ်ထောင်စု(၃၁၈၀) စု၊ မိုးညှင်းခရိုင်အတွင်းရှိ စခန်း(၂၃)ခု၊အိမ်ထောင်စု (၇၃၇)စု၊ ဗန်းမော်ခရိုင်အတွင်းရှိ စခန်း(၂၅)ခု အိမ်ထောင်စု (၁၁၆)စုနှင့် ပူတာအိုခရိုင်အတွင်းရှိ စခန်း(၂)ခု၊ အိမ်ထောင်စု (၇၃)စုတို့ အတွက် (၁)အိမ်ထောင်လျှင် ဆန်(၁)အိတ်စီဖြင့် ဆန်အိတ်ပေါင်း(၁၀၀၅၈)အိတ်နှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရ လိုအပ်လျက်ရှိသည့် ဆွမ်ပရာဘွမ်ဒေသသို့ ဆန်အိတ် (၂၀၀၀)တို့အား ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သိရှိရသည်

Visitors: 8,518