ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနည်းပညာတက္ကသိုလ်ကျောင်းဆရာ/ဆရာမများနှင့် တွေ့ဆုံပြီး ဝိုင်းမော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဖေဖော်ဝါရီ(၁၇)
ကချင်ပြည်နယ် မြစ်ကြီးနားနည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် ဝိုင်းမော်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ(၁၇)ရက် နံနက်ပိုင်းတွင် ကွင်းဆင်း ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားနည်းပညာတက္ကသိုလ်ကျောင်း၌ ကျောင်းအုပ်ဆရာကြီးဒေါက်တာမြတ်သူ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံပြီး ကျောင်းအုပ်ကြီးက ပညာ သင်ကြားနိုင်မှုအခြေအနေများ၊ ကျောင်းဝင်းအတွင်း တိုးချဲ့ကျောင်းဆောင်များ ဆောင်ရွက်နိုင်သည့် အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းဝင်းဧရိယာအား ကွင်းဆင်းတိုင်းတာစိစစ်၍ ခြံစည်းကာရံခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေးနှင့် ကျောင်းဝင်းသန့်ရှင်း ရေးလုပ်ငန်းဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီးမူးယစ်ဆေး ဝါးကင်းစင်ရေးအတွက် ကြိုတင်ကာကွယ် ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ယင်းနောက် ဝိုင်းမော်မြို့နယ် မုတ်ကြိတ်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ဝင်းအတွင်း (၃၈)ကြိမ်မြောက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၏ သင်းလုံးကျွတ်အစည်း အဝေးဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီနိုင်ရေးအတွက် KBC ဥက္ကဋ္ဌ Rev.လလောက်ဂျုံးခေါင်၊ အစည်းအဝေးဖြစ်မြောက်ရေးကော်မတီဝင်များနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်ကသင်းလုံးကျွတ် အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားပြီး အစည်းအဝေးပွဲကျင်းပရန် ပြင်ဆင် ဆောင်ရွက်ထားသည့် ဧည့်သည်အိပ်ဆောင်များ၊ စားသောက်ဆိုင်ခန်းများနှင့် အစည်းအဝေးခန်းမ ဆောင်ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဝိုင်းမော်မြို့ ရပ်ကွက်(၃)၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောက်လုပ် လျက်ရှိသည့် အရှည်(၅၀)ပေ၊ အကျယ်(၂၀)ပေရှိ သံကူကွန်ကရစ် ဂမန်ဆုံချောင်းကူးတံတားတည် ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

Visitors: 8,447