ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

မြစ်ကြီးနား ဖေဖော်ဝါရီ(၉)
                             ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅၁)ဦးတို့ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ဗန်းမော်မြို့နယ် ဗူးတောင်းနှင့် ကျောက်အိုက်၊ နောင်မိုကျေးရွာများသည် ရေလမ်းကိုသာအားကိုးရသောရွာများဖြစ်၍ ၄င်းဗူးတောင်း-ကျောက်အိုက်-နောင်မို-နတ်ခုတ်ရွာချင်း ဆက်လမ်းများအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိမေးခွန်း၊ မံစီမြို့ နယ်၊ သံတံတားကျေးရွာအုပ်စုရှိ သံတံတား-မလင်-နမ့်အူကြီးကျေးရွာတွင်လယ်ယာ၊သားငါးမွေးမြူ ရေးကုန်ထုတ်လမ်း ဖောက်လုပ်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိမေးခွန်း၊ ပူတာအိုမြို့နယ် မာမူးလဲ့အုပ်စု၊ မန်စေအုပ်စုနှင့် မန်စေခွန်အုပ်စုချင်း ဆက်လမ်းပေါ်ရှိ သစ်သားတံတားငယ်(၅)စင်းအား ကွန်ကရစ် တံတားအဖြစ်ဆောက်လုပ်ပေးနိုင်ပါရန်နှင့်လုံးစွတ်ရပ်ကွက်နှင့် ခင်ဖန်ကျေးရွာချင်းဆက်လမ်းကြား ရှိချောင်းပေါ်တွင် ရာသီမရွေးသွားလာနိုင်သော ကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပေးပါရန် အစီ အစဉ်ရှိ/မရှိမေးခွန်းများအပါအဝင် မေးခွန်း(၁၁)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီး များက ပြန်လည် ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် ကချင်ပြည်နယ် ဥပေဒေလေ့လာစိစစ်ရေးနှင့် အကြံပေးအဖွဲ့ အဖွဲ့ဝင်တစ်ဦး အစားထိုး တာဝန်ပေးအပ်ပြီး ပြည်နယ်စာရင်းစစ်ချုပ် ဦးတင်လှိုင်က ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွက် အရ/ အသုံးစာရင်းများဆိုင်ရာ စစ်ဆေးတွေ့ရှိချက်များနှင့် ပြည်နယ်စာရင်းစစ်ချုပ်၏ (၁.၁.၂၀၁၇)ရက်နေ့မှ (၃၁.၁၂.၂၀၁၇)ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို လွှတ်တော်သို့ တင်သွင်းရာ လွှတ်တော်က မှတ်တမ်းတင်သည်။
ထို့နောက်အစည်းအဝေးစတုတ္ထနေ့တွင်တင်သွင်းထားခဲ့သည့် ပူတာအိုမြို့နယ်နှင့် မချမ်းဘော မြို့နယ်များအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို မူလာချောင်းမှ ထုတ်ယူနိုင်ရန် သင့်လျော် သောနေရာတွင် စက်ရုံတည်ဆောက်ပေးရန် ကချင်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရတို့အား တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး ယင်း အဆိုကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ကာ အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားလိုက်ပြီး ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော်ဒသမပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပပြီးစီးသည်။

Visitors: 8,447