ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံဘောလုံးပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ်



မြစ်ကြီးနား ဖေဖော်ဝါရီ(၃)
၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မြစ်ကြီးနားတက္ကသိုလ် အမျိုးသား/ အမျိုးသမီး ဘာသာရပ် ပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ(၃)ရက် မွန်းလွဲ(၃)နာရီတွင် မြစ်ကြီးနား တက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်အစိုးအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ်၏ သမိုင်းကြောင်းနှင့် ကောင်းမြတ်သည့် အစဉ်အလာများကို ပြန်လည်ဖော်ထုတ်ခြင်းအားဖြင့် အမျိုးသားပညာရေး သဘောတရားများ၊ မျိုးချစ်စိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်နှင့် ဝံသာနုရက္ခိတတရားတွေကို ပြန်လည်ထွန်းကားလာမှာ ဖြစ်ပါကြောင်း၊ ယခုလို ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲများကို စီစဉ် ကျင်းပပေးခြင်းဖြင့် အနာဂါတ်ကိုဖန်တီးကြမည့် မျိုးဆက်သစ်များနှင့်အတူ တာဝန်ရှိသူများက ဆက်လက် ထိန်းသိမ်းပြီး အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်စေလိုကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြိုင်ပွဲတွင် ဘာသာရပ်(၁၄)ခုမှ အမျိုးသား/အမျိုးသမီးဘောလုံးအသင်းများနှင့် ဘင်ခရာတပ်ဖွဲ့တို့က ပြည်နယ်ဝန်ကြီးချုပ်အား ချီတက်အလေးပြုကြပြီး အဖွင့်ပွဲစဉ်အဖြစ် ကစား မည့် ဥပဒေဘာသာရပ်ဘောလုံးအသင်းနှင့် ရုက္ခဗေဒဘောလုံးအသင်းတို့အား တက္ကသိုလ်ပါမောက္ခ ချုပ်ဒေါက်တာအောင်ဝင်းက ဘောလုံးတည်ကန်ဖွင့်လှစ်ပေးကာ ပြိုင်ပွဲကို စတင်ကစားခဲ့ကြသည်။
အဆိုပါ တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဘာသာရပ်(၁၄)ခုတို့မှ အမျိုးသား/ အမျိုးသမီးဘောလုံးအသင်းများက ယနေ့မှ စတင်၍ ဖေဖော်ဝါရီ (၂၀)ရက်နေ့အထိ ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

Visitors: 8,518