ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းဆောင်သစ်ကို တက်ရောက်ဖွင့်လှစ်



မြစ်ကြီးနား ဇန်နဝါရီ(၂၇)
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် လိုအပ် လျက်ရှိသည့် ကျောင်းဆောင်သစ်နှင့်အတူ ပရိဘောဂများ၊ ကျောင်းအတွက် လိုအပ်သည်များကို ငွေကျပ်သိန်း (၆၀၀၀) ကျော် လှူဒါန်းပေးခဲ့သည့် အလှူရှင် ဦးမောင်ကြီးနှင့် ဒေါ်တင်တင်အုန်း (မြင့်ထွန်းဦးကျောက်စိမ်းကျောက်မျက်ကုမ္ပဏီ) မိသားစုမှ ဆောက်လုပ်လှူဒါန်းသည့် ကျောက်စိမ်း ကျောင်းဆောင်သစ်ကို ယနေ့နံနက်(၁၀)နာရီတွင် ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင်ကျောင်းဆောင်သစ်အလှူရှင်မိသားစုကပြည်နယ်အတွင်းဘက်စုံဖွံ့ဖြိုး ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့သို့ ငွေကျပ်သိန်း(၅၀၀)၊ မြို့နယ်ပြည်သူ့ ဆေးရုံအတွက် ငွေကျပ်သိန်း(၃၀၀)၊ ကျောင်းပညာရေးငွေပဒေသာပင်စိုက်ထူရန်အတွက် ငွေကျပ် သိန်း(၂၀၀)၊မြို့နယ်အမျိုးသမီးရေးရာကော်မတီ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ကြက်ခြေနီတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့နှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအတွက် အလှူငွေကျပ်သိန်း (၂၀)စီ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင် အမှာစကားပြောကြားပြီး ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ဝမ်းမြောက်ကြောင်း ပြောကြားသည်။ ဆက်လက်၍ အလှူရှင်ဦးမောင်ကြီးက ကျောင်းဆောင်သစ်နှင့် ကျောင်း၏ လိုအပ်ချက်များ ဖြည့် ဆည်းလှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ချမ်းမြေ့ဦးဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာမှ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့်က ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ဆောက်လုပ်လှူဒါန်းသည့် ကျောက်စိမ်းကျောင်းဆောင်သစ် အဆောက်အဦကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အမျိုးသားလွှတ်တော်နှင့် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်မိသားစုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်း ဆောင်သစ်ဆိုင်းဘုတ်ကို ပြည်နယ်ဝန်ကြီးချုပ်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်ကို အလှူရှင်မိသားစုက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အလှူ့ရှင်လှူဒါန်းထားသည့် ကျောင်းဆောင်သစ်နှင့်အတူ ပရိဘောဂများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ စာကြည့်တိုက်၊ မီးစက်နှင့် မီးစက်အဆောက်အအုံ၊ (၁၀)ခန်းတွဲရေလောင်းအိမ်သာ၊ အဝီစိတွင်းနှင့် ရေတင်စက်၊ ကျောင်းအုပ်နေအိမ်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးကောင်းမြို့အတွင်း လမ်းဦးစီးဌာနမှ ပြည် ထောင်စုလမ်းမကြီးကို နိုင်လွန်ကတ္တရာအဆင့်မြှင့်တင်ခင်းကျင်းနေမှုနှင့် မိုးကောင်းမြို့တော်ခန်းမ ဆောက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

Visitors: 8,447