စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးစခန်း ဆောင်ရွက်မည့်မြေနေရာနှင့် နယ်စပ်ဂိတ်အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေး



မြစ်ကြီးနား ဇန်နဝါရီ(၂၄)
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ယနေ့နံနက် (၇)နာရီတွင် မြစ်ကြီးနားမြို့မှ ကန်ပိုက်တီမြို့သို့ သွားရောက်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးစစ်ဆေးရေး ဆောင်ရွက်မည့် မြေနေရာနှင့် နယ်စပ်ဂိတ်အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေတို့ကို သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝိုင်းမော်-ကန်ပိုက်တီ-ချီဗွေလမ်းခွဲနေရာတွင် နယ်စပ်ကုန်သွယ်ရေးစစ်ဆေးရေးစခန်းတည်ဆောက်ရန်လျာထားသည့် မြေနေရာ၌ တာဝန်ရှိသူများ က မြေယာရရှိမှုအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်း ဆောင်ရွက်မည့် မြေနေရာအတွင်း ဒေသခံတောင်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး စီမံဆောင်ရွက် ပေးသွားရန်နှင့် စီမံကိန်းဆောင်ရွက်မည့် နေရာဒေသရှိ ကျေးရွာများမှ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုတင်စဉ်းစားဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ကန်ပိုက်တီမြို့ နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကန်ပိုက်တီဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ နယ်စပ်အဝင်လမ်းတိုးချဲ့ခြင်း၊ နားနေဆောင်တည်ဆောက်ရေးစီမံကိန်းများနှင့်မြို့ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ပြည်နယ်ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဦးဝေလင်းက နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်မှုအခြေအနေနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းများနှင့်ပတ်သက်၍ မြေယာကို အကျိုးရှိစွာအသုံးချဖို့ရန် လိုအပ်ပါ ကြောင်း၊ မိမိတို့ရိုးရာဟန်ဖြင့် အကောင်းဆုံးနယ်စပ်ဂိတ်ဖြစ်စေရေး၊ ဒေသခံတိုင်းရင်းသားတို့၏ အကျိုးစီးပွားကို မျှော်မှန်း၍ ရေရှည်အတွက် စီမံဆောင်ရွက်သွားကြရန်၊ One Stop Service (OSS)လုပ်ငန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီး ဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနများအနေဖြင့် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးရန်နှင့် ဌာနအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်းမှာကြား သည်။ ဆက်လက်၍ နယ်စပ်အဝင်လမ်းတိုးချဲ့ခြင်းနှင့် နားနေဆောင်တည်ဆောက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးလိုဏ်ဂူတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
ထို့နောက် ဝိုင်းမော်မြို့နယ်၊ ဝေါ့ချုံးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကို ကြည့် ရှုစစ်ဆေးပြီး ဒိန်ဂျန်ယန်ကျေးရွာရှိ တစ်သျှူးငှက်ပျောစိုက်ခင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

Visitors: 8,447