ပြည်နယ်ဝန်ကြီးချုပ် မြို့တွင်းရှိ ရပ်ကွက်ချင်းဆက်လမ်းများ ဆောင်ရွက်မည့် အခြေအနေနှင့် ဧရာဦးပန်းခြံတိုးချဲ့ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး



မြစ်ကြီးနား ဇန်နဝါရီ(၆)
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၁၁)နာရီတွင် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက် စျေးရှေ့ ရွှေလမ်းမကြီးမှ ဂျာမိုင်ကောင်းရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်တို့ကို ဖြတ်သန်း၍ မိုင်တဲကွေ့ ရန်အောင်မြင်လမ်းမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးနှင့် ချိတ်ဆက်ခင်းကျင်းသွားမည့် လမ်းအ ရှည်ပေ(၆၆၆၀)ကို ကတ္တရာလမ်းခင်းကျင်း ဆောင်ရွက်သွားမည့် အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများအကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ လမ်းနယ်အတွင်း မြေပြင်အခြေအနေကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စည်ပင်သာယာရေးအဖွဲ့မှမြို့နေလူထုအတွက် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် မင်းရပ်ရပ်ကွက်ရှိအားကစားကွင်းနှင့်ဧရာဦးပန်းခြံအတွင်း မြေယာအလှပြုပြင်ရေး၊ ကလေးကစားကွင်းနှင့် ဂျင်ခန်းမ၊ အပန်းဖြေနားနေဆောင်တည်ဆောက် မည့်အခြေအနေများနှင့် ဧရာ၀တီမြစ်ဘေးတစ်လျှောက် ထိုင်ခုံများနှင့် အလှမီးတိုင်များ စိုက်ထူ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကမ်းနားလမ်းတစ်လျှောက် စိမ်းလန်းစိုပြေရေး နှင့် သာယာလှပစေရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေး နွေးခဲ့ကြသည်။

Visitors: 8,518