၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော် မြစ်ကြီးနားမြို့၌ကျင်းပ



မြစ်ကြီးနား ဇန်နဝါရီ(၆)
၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ ကချင်ပြည်နယ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီ တွင် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရှေးဦးစွာ ပညာရေး စုံညီပွဲတော်မုဒ်ဦးကို လူရည်ချွန်ကျောင်းသား/သူလေးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်သည်တော်များအား အခြေခံပညာ ကျောင်းပေါင်းစုံမှကျောင်းသား/သူလေးများ၏ပန်းပွားအက၊ ကိုယ်ကာယလေ့ကျင့်ခန်းသရုပ်ပြခြင်း နှင့်အေးရိုးဗစ်အကတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းခန်းများ အတွင်းခင်းကျင်းပြသထားသော ပညာရေးဆိုင်ရာစွမ်းရည်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေး ကြသည်။
ထို့နောက် အေးမြသီတာခန်းမ၌ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ကအမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့်က စုံညီပွဲတော်ကျင်းပရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ၂၀၁၇-၂၀၁၈ပညာသင်နှစ်၊ အာဆီယံဖွဲ့စည်းတည်ထောင်မှုနှစ် (၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၊ မြန်မာအမျိုးသမီးများနေ့၊ အပြည် ပြည်ဆိုင်ရာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့နှင့် (၇၂)ကြိမ်မြောက်ကုလသမဂ္ဂနေ့စသည့် နေ့ကြီးများ၏ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲများ၊အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ လွှတ်တော်ရေးရာ ဉာဏ်စမ်း ပဟေဋ္ဌိပြိုင်ပွဲ၊ နိုင်ငံတကာလူငယ်ပေးစာပြိုင်ပွဲ၊ နိုင်ငံတကာပန်းချီပြိုင်ပွဲများနှင့် သင်္ချာအိုလံပစ်၊ အင်္ဂလိပ်စာ၊ မြန်မာစာစွမ်းရည်ပြိုင်ပွဲများနှင့် ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူ များအား ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

Visitors: 8,518