၂၀၁၈ ခုနှစ်၊ နှစ်(၇၀)ပြည့်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲ ကချင်ပြည်နယ်၌ ကျင်းပ



မြစ်ကြီးနား ဇန်နဝါရီ ၄
၂၀၁၈ ခုနှစ် နှစ်(၇၀)ပြည့်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား ကို ယနေ့နံနက်(၄)နာရီ (၂၀)မိနစ်က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးအဆောက်အဦရှေ့ မြက်ခင်းပြင် ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင် နှင့် ဂုဏ်ပြုတပ်ဖွဲ့တို့က နိုင်ငံတော်အလံကို လွှင့်တင်ကြသည်။
ဆက်လက်၍ နံနက်(၇)နာရီတွင် နိုင်ငံတော်အလံအလေးပြုပွဲကို ကျင်းပရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် အခမ်းအနားတက်ရောက်လာသူများက နိုင်ငံတော် အလံအား အလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ်က ဖတ်ကြားသည်။
အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊စာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်း ကျောင်း၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ NGO များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

Visitors: 8,518