မြစ်ကြီးနားမြို့၌ မြစ်ဖျားဧရာအဝေးပြေးယာဉ်ရပ်နားစခန်းသစ် ဖွင့်လှစ်



မြစ်ကြီးနား ဇန်နဝါရီ(၃)
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ပြည်နယ်အဆင့်မီ မြစ်ဖျားဧရာအဝေးပြေးယာဉ်ရပ်နား စခန်းသစ်ကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းရပ်ကွက်ရှိ အဆိုပါ ကားကြီးကွင်းအသစ်၌ ဖွင့်ပွဲကျင်း ပခဲ့ရာ ရှေးဦးစွာ မြစ်ဖျားဧရာယာဉ်ရပ်နားစခန်းကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်၊ လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဦးဝင်းညွှန့်၊ စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်း၊ မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမီထွယ်ဇော်လတ်နှင့် မြဉ္ဇူသာဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုအောင်နိုင်ထွေး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယာဉ်ရပ်နားစခန်းဆိုင်းဘုတ် ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကကားကြီးကွင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး မန္တလာမင်းခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းအသစ်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယခင်ကားကြီးကွင်းကို ခရိုင်အား/ကာဝင်းအတွင်း၊ မြို့ပေါ် ရပ်ကွက်၌ ဖွင့်လှစ်ထားသည့်အတွက် နေရာကျဉ်းမြောင်းခြင်းတို့ ဖြစ်ပေါ်လျက်ရှိရာပြည်နယ် အဆင့်မီ ကားကြီးကွင်းအသစ် လိုအပ်ချက်အရ ပြည်နယ်အစိုးရအဖွဲ့နှင့် မြဉ္ဇူသာဆောက်လုပ်ရေး ကုမ္ပဏီတို့က အကျိုးတူပူးပေါင်း၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုဖွင့်လှစ်လိုက်သည့် မြစ်ဖျား ဧရာယာဉ်ရပ်နားစခန်းသစ်သည် တပ်ကုန်းရပ်ကွက် ကားကြီးများပြေးဆွဲရာ ရွှေလမ်းမကြီးပေါ်တွင် ရှိပြီး မြေနေရာကျယ်ဝန်းသည့်အပြင် ပြည်နယ်အခြေစိုက် ယာဉ်လိုင်းပေါင်း(၃၇)လိုင်း၊ပြည် နယ် ပြင်ပမှပြေးဆွဲသည့် ယာဉ်လိုင်းပေါင်း (၈၀)ကျော် စုစုပေါင်းမော်တော်ယာဉ်လိုင်း (၁၁၇)လိုင်းကျော် တို့ဖြင့် ယနေ့မှစတင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းရှိယာဉ်လိုင်းများ အဆင်ပြေ စေရေးအတွက် တစ်လလျှင် (၁)သိန်းခွဲနှုန်းဖြင့် တစ်နှစ်စာ အငှားစာချုပ်ချုပ်ဆိုပြီး တစ်နှစ်လျင် (၅)သောင်းနှုန်းတိုး၍(၃)နှစ်အထိစာချုပ်ချုပ်ဆို၍ ပြေးဆွဲခွင့် ပေးသွားမည်ဖြစ် ကြောင်း ပုဂ္ဂိုလိကပိုင်မော်တော်ယာဉ်လုပ်ငန်းယာဉ်များကြီးကြပ်ရေးကော်မတီထံမှ သိရှိသည်။

Visitors: 8,518