ဒီဇင်ဘာအားကစားလ နောက်ဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ၌ ကံစမ်းမဲများဖွင့်ဖောက် ဆုချီးမြှင့်ပေး



မြစ်ကြီနား ဒီဇင်ဘာ(၃၀)
ကချင်ပြည်နယ် ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် နောက်ဆုံးပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက်(၆)နာရီတွင် မြစ်ကြီးနားမြို့၌ ကျင်းပခဲ့ပြီး စုပေါင်း လမ်းလျှောက်သူများအား ကံစမ်းမဲများဖွင့်ဖောက်၍ ဆုများချီးမြှင့်ပေးခဲ့ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်အားကစားကွင်းရှေ့စုရပ်မှ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးတူးဂျာ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့်၄င်းတို့၏ဇနီးများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ အကြီးအကဲများနှင့် ဝန်ထမ်း များ၊ မြို့ပေါ်အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ၊ ပညာရေး ကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သူများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူ များ စုစုပေါင်းအင်အား နှစ်သောင်းခွဲကျော်တို့သည် သခင်နက်ဖေလမ်းမှ ပြည်ထောင်စုလမ်း၊ ထိုမှ တဆင့် ဆွမ်ပရာဘွမ်လမ်း၊ ရုံးကြီးလမ်းအတိုင်း တစ်ပျော်တစ်ပါးစုပေါင်းလမ်းလျှောက်ကြပြီး ပြည်သူ့အားကစားကွင်းသို့ ဝင်ရောက်ကြကာ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းအတွဲ(၁)နှင့်(၂)ကို စုပေါင်းလေ့ကျင့်ကြသည်။
ယင်းနောက်စုပေါင်းလမ်းလျှောက်ကြသူများအတွက် ကြိုတင်ဖြန့်ဝေထားသည့် ကံစမ်းမဲများ ကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ နှင့်၄င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ငွေကျပ် (၁)သိန်းဆု(၅)ဆု၊ ငါးသောင်း (၁၁)ဆုတို့အတွက် ကံစမ်းမဲများဖွင့်ဖောက်ကြေညာပြီး ဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

Visitors: 8,518