သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်နှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်



မြစ်ကြီးနား ဒီဇင်ဘာ(၁၃)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်နှင့် စီတာပူရပ်ကွက်အတွင်းရှိ အသက်(၉၀) နှစ်နှင့် အထက် သက်ကြီးဘိုး/ဘွားများအား လူမှုရေးပင်စင်နှင့် အနွေးထည်၊ ခြုံစောင်များကို ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူ၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ဇနီးများနှင့်အတူ ဌာနဆိုင်ရာတာ၀န်ရှိသူများက ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်၍ ထောက်ပံ့ပေးအပ်ကြသည်။
ရှေးဦးစွာ မန်ခိန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့် လူမှုရေး၀န်ကြီးတို့ကတွေ့ဆုံအားပေးပြီး ဘိုးဘွား(၁၂)ဦးတို့အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်အဖြစ် ဘိုး/ဘွားတစ်ဦးလျင် ငွေကျပ်(၃)သောင်းစီနှင့် ဝန်ကြီးချုပ်မိသားစုများခြုံစောင်များနှင့်ပြည်နယ်အစိုးရအဖွဲ့မှအနွေးထည်များကို ထောက်ပံ့ပေးအပ် ခဲ့ကြပြီး တက်ရောက်ယူနိုင်ခြင်းမရှိသည့် ဘိုးဘွားများ၏ နေအိမ်များသို့ လိုက်လံပေးအပ်ကြသည်။
အလားတူပင်စီတာပူရပ်ကွက်အတွင်းရှိ ဘိုးဘွား(၂၆)ဦးတို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးနှင့် နေအိမ်များသို့ လူမှုရေးပင်စင်အဖြစ် တစ်ဦးလျင် ငွေကျပ်(၃) သောင်းစီနှင့် ခြုံစောင်၊ အနွေး ထည်တို့ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းသို့ ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်မြမာလာစိုးက ပြည်နယ်အတွင်း အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွားများကို တစ် လလျှင်ငွေကျပ်(၁)သောင်းနှုန်းဖြင့်(၃)လလျှင်တစ်ကြိမ်ဘိုးဘွားတစ်ဦးလျှင်ငွေကျပ်( ၃)သောင်းစီကို လူမှုရေးပင်စင်အဖြစ် တာဝန်ယူ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ ယခုအကြိမ်သည် တတိယ အကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ကချင်ပြည်နယ်အတွင်း အသက် (၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၉၄၆)ဦးထိရှိပြီး မြစ်ကြီးနားခရိုင်အတွင်း (၃၄၄)ဦး၊ မိုးညှင်းခရိုင်အတွင်း (၂၉၆)ဦး၊ ဗန်းမော်ခရိုင်၌ (၁၉၉)ဦးနှင့် ပူတာအိုခရိုင်အတွင်း၌ (၁၀၇)ဦးရှိကြောင်း သိရှိရသည်။

Visitors: 8,447