ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ

မြစ်ကြီးနား နိုဝင်ဘာ(၂၉)


ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အစည်းအဝေးမတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များကို ခွင့်တိုင် ကြားရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်က အစည်းအဝေးတက်ရောက်ခွင့်ရှိသူ (၅၃)ဦး အနက် (၄၉)ဦး တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းကြေညာပြီး အစားထိုး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးရန်အောင်ထိုက်(ကြည်း-၅၂၄၇၂)က ကတိသစ္စာ ပြုကာ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များက လဝါး-ကာမိုင်း-လုံးခင်း-ဖားကန့်လမ်းသည် ယနေ့အချိန်ထိ သတ်မှတ်စံချိန်စံညွှန်းအတိုင်း ပြီးစီးမှုအရှိသေးသဖြင့် အဆိုပါ လမ်းပိုင်းအား ဆောင်ရွက်နေသည့် တင်ဒါအောင်ကုမ္ပဏီများအား သက်ဆိုင်ရာဌာနအနေဖြင့် တင်ဒါစည်းမျဉ်းပါ ဥပဒေအတိုင်း စိစစ်အရေးယူသွားရန် အစီအစဉ်ရှိ/မရှိ၊ ပြည်နယ်အတွင်း ပြည်သူများနေထိုင်ရန် (သို့ မဟုတ်) ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သော ဘိလပ်မြေများကို ရရှိနိုင်ရန်အတွက် ကချင်ပြည်နယ်အတွင်း ဘိလပ်မြေစက်ရုံ(၁)ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်း၊ နောင်မွန်မြို့နယ် ပြည်သူ့ဆေးရုံတွင် လိုအပ်သောကုသရေးနှင့် အထောက်အကူပြုပစ္စည်းများ ဖြည့် ဆည်းပေးနိုင်ရန် အစီအစဉ်ရှိ /မရှိ မေးခွန်းများအပါအဝင် မေးခွန်း(၈)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွက် ကချင်ပြည်နယ်၏ အရအသုံးခန့်မှန်းခြေငွေစာရင်းများ ကို တင်သွင်းရာ ယင်းငွေစာရင်း များနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက စိစစ်ချက်အစီရင်ခံစာကို တင်သွင်းသည်။
ဆက်လက်၍ အဆို(၂)ခုကို တင်သွင်းကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးက ကချင်ပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းကာ အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်သည်။

Visitors: 8,518