ကချင်ပြည်နယ်အစိုးရအဖွဲ့စီစဉ်ဖွင့်လှစ်ပေးသည့် ICT & Cyber Security Training သင်တန်းဆင်း

မြစ်ကြီးနား နိုဝင်ဘာ(၂၁)


ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့ဝန်ထမ်းများအား ရုံးလုပ်ငန်းများနှင့် အစိုးရ၏အုပ်ချုပ် ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အင်တာနက်အသုံးပြု၍ လုံခြုံထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူ့ဝန်ထမ်းများအား ICT နည်းပညာရပ်များတွင် အခြေခံကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ဖွင့်လှစ်ပေးခဲ့သည့် ICT & Cyber Security Training သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ (၃)နာရီတွင် အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် သင်တန်းတွင် လေ့လာ သိရှိခဲ့သည့် နည်းပညာ အသိပညာရပ်များနှင့် ဗဟုသုတများကို ပြန်လည်အသုံးချတတ်ဖို့နှင့် မကြာ ခဏလေ့ကျင့်သွားကြရန်၊ သိရှိထားသည့်အရာတွေကို ပိုမိုသိအောင်လေ့ကျင့်သွားကြရန်လိုအပ်ပါ ကြောင်းဖြင့် အလေးအနက်ထားတိုက်တွန်းမှာကြားသည်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ The Door Inststute မှ သင်တန်းဆရာများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ သင်တန်းဆရာ အောင်ကိုကိုစောက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားသည်။
အဆိုပါ သင်တန်းကို ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်၍ ပြည်နယ်အတွင်းရှိ ဦးစီးဌာနများနှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာထမ်းဝန်ထမ်းများအတွက် The Door Institute သင်တန်းဆရာများဖြင့် ၁၄.၁၁.၂၀၁၇ ရက်နေ့မှ စတင်၍ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အရေးပါသည့် သတင်းအချက် အလက်များ မပေါက်ကြားစေရန်၊ လုံခြုံရေးနည်းလမ်းများ၊ စာရွက်စာတမ်းများမည်သို့ သိမ်းဆည်း ကာကွယ်ရန်နည်းလမ်းများ၊ အင်တာနက်၊ အီးမေးအသုံးပြု၍ လုပ်ငန်းများ လျင်မြန်ချောမွေ့ လုံခြုံစွာ ဆောင်ရွက်နိုင်သည့် နည်းလမ်းများ သင်ကြားပို့ချခဲ့ကြောင်းသိရှိရသည်။

Visitors: 8,447