ဗန်းမော်မြို့၌ ကလေးစာပေပွဲတော်နှင့် စာအုပ်စျေးရောင်းပွဲတော်စည်ကား သိုက်မြိုက်စွာ ကျင်းပ

ဗန်းမော် နိုဝင်ဘာ ၂၀

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင် ပြည်နယ်အစိုးရအဖွဲ့၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုး ထက်မြက်လာစေရေးနှင့် စာပေကိုဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရေး ရည်ရွယ်၍ ကလေးစာပေပွဲတော်နှင့် စာအုပ်စျေးရောင်းပွဲတော်ကို နိုဝင်ဘာ (၂၀)ရက် နံနက် (၉)နာရီမှ ညနေ(၄) နာရီအထိ ဗန်းမော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ ရှေးဦးစွာ စာပေပွဲတော်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်နှင့် ဘက်စုံထူးချွန်ကျောင်းသားကျောင်းသူများတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ အခမ်းအနားကို အောင်တံခွန်ခန်းမ၌ ဆက်လက်ကျင်းပရာ အထက(၁)မှ ကျောင်းသား/သူများ က “ကလေးစာပေပွဲတော် Team Song” သီချင်းနှင့် အထက(၂) မှ ကျောင်းသား/သူများက “မြန်မာ့ကျောင်းသား”တေးသီချင်းများဖြင့် သီဆိုဖွင့်လှစ်ကြပြီး ပြည်နယ်ဝန်ကြီးက အဖွင့်အမှာ စကားပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှမျိုးအောင်က ကလေးစာပေပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် (၃)မိုင်သီလရှင် ကျောင်းမှ ကျောင်းသား/သူများက သရုပ်ဖော်တေးသီချင်းအကအလှများ ဖျော်ဖြေတင်ဆက်ကြ ပြီး ပွဲတော်သို့ တက်ရောက်လာသည့် ကျောင်းသား/သူများ၏ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ် ပြိုင်ပွဲများ၊ အရုပ်ခေါက်ပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်နေကြသည်ကို ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့က လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
နေ့လယ်ပိုင်းတွင် စာရေးဆရာ ဦးလှရွှေ(ရွှေကူမောင်နှင်းအေး)က “ကလေးနှင့်စာပေ၊ စာပေနှင့်ကလေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ကလေးများက စက္ကူခေါက် ကစားနည်း၊ စကားပုံဆက်ခြင်း၊ Team Game ကစားနည်းမျိုးစုံတို့တွင် ပါဝင်ယှဉ်ပြိုင် ကစားကြပြီး ကာတွန်းပြခန်း၊ သိပ္ပံပြခန်း၊ ကလေးစာဖတ်ခန်း နှင်ကလေးစာပေပြခန်းများ၊ စားသုံးသူရေးရာပြခန်း၊ အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနပြခန်း၊ ကြက်ခြေနီ အသင်းပြခန်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးပြခန်းများ၊ လူကုန်ကူးမှု ပညာပေးပြခန်း၊ စိတ်ကူးချိုချိုစာပေတိုက်နှင့် မဇ္စျိမစာပေတိုက်တို့တွင် ကြည့်ရှုလေ့လာသူများ ဖြင့် စည်ကားလျက်ရှိသည်။
ဆုပေးပွဲအခမ်းအနားကို ညနေပိုင်းတွင် ဆက်လက်ကျင်းပရာ ကလေးစာပေပွဲတော် အတွင်း ပြိုင်ပွဲဝင်အရပ်ရပ်၌ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသည့် ကျောင်းသား/သူ များအား ငွေသား၊ ဆုတံဆိပ်၊ ဗလာစာအုပ်နှင့် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူတို့က ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

Visitors: 8,447