၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ပညာရည်ချွန်ဆုချီးမြှင့်

မြစ်ကြီးနား နိုဝင်ဘာ(၁၈)


၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်အတွင်း ထူးချွန်စွာအောင်မြင်ခဲ့ကြ သည့်ကျောင်းသား/သူများ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း မှကျောင်းသား/သူများက“မြန်မာ့ကျောင်း” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားဖွင့်လှစ် သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကား ပြောကြားပြီး ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့်က ၂၀၁၇ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင် ပြည်နယ်၏ အောင်မြင်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက်တက္ကသိုလ်ဝင်စာမေးပွဲတွင် ပြည်နယ်အတွင်းမှ နိုင်ငံတော်အဆင့်ဝိဇ္ဇာပထမနှင့် (၆)ဘာသာဂုဏ်ထူးရှင်(၁၈)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၅၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၆၀)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၁၄၄)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၆၈)ဦးနှင့် (၁) ဘာသာဂုဏ်ထူးရှင် (၁၅၂၃)ဦးတို့နှင့် အောင်ချက်အများဆုံးဆုရ မြို့နယ်များ၊ ဆုရကျောင်းများ၊ ဘာသာရပ်အလိုက် ဂုဏ်ထူးအများဆုံးရအောင် သင်ကြားပေးခဲ့ကြသည့် ဆရာ/ဆရာမများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြသည်။
ထို့နောက် ထူးချွန်ဆုရ ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဘက်စုံ ပညာကိုရည်တို့လှမ်းချီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
ကချင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းတွင် ကျောင်းသား/သူ(၃၀၆၃၇)ဦး ဖြေဆိုခဲ့ပြီး (၉၂၀၇)ဖြေဆိုအောင်မြင်ခဲ့ရာ တစ်နိုင်ငံလုံးဝိဇ္ဇာဘာသာတွဲ ပထမဆုအပါအဝင် ဂုဏ်ထူး ရကျောင်းသား/သူ(၂၀၆၄)ဦးရှိခဲ့ကာ ဗန်းမော်မြို့နယ်မှ အောင်ချက်အကောင်းဆုံးနှင့် မိုးညှင်းမြို့ နယ်နှင့်ဖားကန့်မြို့နယ်တို့က ဒုတိယနှင့် တတိယအောင်ချက်အကောင်းဆုံးဖြစ်ကြောင်းသိရှိရသည်။

Visitors: 8,518