ကျောက်မျက်ရတနာမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြစ်ကြီးနား နိုဝင်ဘာ(၁၆)


ကျောက်စိမ်း၊ ကျောက်မျက်ကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးစေရန်အတွက် ကောင်းမွန်သည့် စီမံ အုပ်ချုပ်မှု စနစ်ပေါ်ပေါက်လာစေရေး၊ တာဝန်သိသော ကျောက်စိမ်း/ ကျောက်မျက်တူးဖော်ထုတ် လုပ်ခြင်း၊ ရောင်းဝယ်ခြင်းတို့ ပေါ်ပေါက်လာစေရေး၊ လုပ်ငန်းများတွင်လူမှုရေးနှင့်ပတ်ဝန်းကျင်ရေးရာ ကိစ္စရပ်များ ပိုမိုထည့်သွင်းစဉ်းစား၍ မူဝါဒချမှတ်နိုင်ရေးအတွက် ကျောက်မျက်ရတနာမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ Plam Spring ဟိုတယ် အစည်းအဝေး ခန်းမကျင်းပခဲ့သည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ကျောက်မျက်တူးဖော်ရောင်းဝယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ပွင့်လင်းမြင်သာမှု၊ သာတူညီမျှမှု၊ တရားဥပဒေ စိုးမိုးမှုစသည့် အနှစ်သာရများနှင့်ပြည်စုံသည့် တာဝန်သိ၊ တာဝန်ခံသော ကျောက်မျက်လုပ်ငန်းများ ပေါက်ပေါက်လာစေရန်၊ရေရှည်တည်တံ့နိုင်စေရေးအတွက်ကောင်းမွန်သည့် စီမံခန့်ခွဲမှုနည်းလမ်းများ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်နိုင်ရေးတို့အပြင် ကျောက်မျက်ရတနာထွက်ရှိရာ ဒေသရှိဌာနေ ဒေသခံတိုင်းရင်းသားများအတွက် အကျိုးခံစားခွင့်ရှိသည့်မူဝါဒတစ်ရပ်ထွက်ပေါ်လာစေရေးအတွက် ရင်းနှီးပွင့်လင်းစွာဆွေးနွေး ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။ ယင်းနောက်ကျောက်မျက်ရတနာကဏ္ဍအထောက်အကူပြုရေးကော်မတီနာယက ဦးဝင်းထိန် က ကော်မတီဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး RTCC အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ မျှော်မှန်းချက်များနှင့် ရည်ရွယ်ချက်များကို ရှင်းလင်း တင်ပြသည်။
အဆိုပါ ဆွေးနွေးပွဲကို ကျောက်မျက်ရတနာကဏ္ဍအထောက်အကူပြုရေး ကော်မတီအဖွဲ့ဝင် များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောက်မျက်လုပ်ငန်းရှင်များနှင့် အရပ်ဖက်အဖွဲ့အစည်းများ က ၁၉၉၅ ကျောက်မျက်ရတနာဥပဒေပြဌာန်းချက်များ၊ ကျောက်မျက်ရတနာကဏ္ဍစီမံခန့်ခွဲမှုအခြေ အနေ၊ တူးဖော်မှုကြောင့်ဖြစ်ပေါ်လာသည့် အကျိုးဆက်များနှင့် စပ်လျဉ်း၍ (၂)ရက်ကြာ ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Visitors: 8,447