နိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်းလုပ်ငန်း ကချင်ပြည်နယ်၌ ဖွင့်လှစ်

မြစ်ကြီးနား နိုဝင်ဘာ(၁၅)


နိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း (၂၀၁၇) ဖွင့်ပွဲ အခမ်း အနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့နံနက်(၉)နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်အတွင်း ကာကွယ်ဆေးထိုး လုပ်ငန်း အောင်မြင်စေဖို့ရန် ဝန်ကြီးဌာနနှင့် နှီးနွယ်ဆက်စပ်သော ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများက ကျရာအခန်းကဏ္ဍမှ ကူညီပံ့ပိုးပေးခြင်း၊ ဝေးလံ ခက်ခဲသော နေရာများ၊ ရွေ့လျားနေထိုင်သောလူအုပ်စုများနှင့် ပျံကျရပ်ကွက်များတွင် ကာကွယ်ဆေးရောက်ရှိ ထိုးနှံနိုင်ရန် ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ပြည်သူအားလုံးက အမျိုးသားရေးအသွင်ဖြင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန၊ ဒုပြည်နယ်မှူး ဒေါက်တာတင်ဝမ်းက နိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းနှင့် ပြည်နယ်အတွင်း ကာကွယ်ဆေးထိုးနှံဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူထုအခြေပြုလူမှုရေး အသင်းအဖွဲ့များ၊ NGO , INGO များက မြို့တော်ခန်းမအတွင်း ကျန်းမာရေးဝန်ထမ်းများ၏ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပြည်နယ်အတွင်း ဝေးလံခက်ခဲသော ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ ပူတာအို၊ မချမ်းဘော၊ နောင်မွန်နှင့် ခေါင်လန်ဖူးမြို့နယ်များတွင် တစ်ပြေးညီ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ရဟတ်ယာဉ်အကူအညီဖြင့် ဆေးများ ပို့ဆောင်လျက် ရှိပြီး ကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်ကို တစ်ပြိုင်တည်းဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။

Visitors: 8,447