စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်း

မြစ်ကြီးနား နိုဝင်ဘာ(၁၄)

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အညွှန်းကိန်းများ ရရှိလာစေရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များအား အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် အဖွဲ့အစည်းအားလုံးက လိုက်လျောညီထွေစွာ ပါဝင်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဦးဆောင်ကျင်းပသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များနှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့  ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကားပြောကြားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များနှင့်ပတ်သက်၍ ပန်းတိုင်(၁၇)ခုကို အသေးစိတ်ရှင်းလင်းတင်ပြပြီး ပန်းတိုင်များပြည့်မီအောင် အကောင်အထည်ဖော်ရာ၌ မှန်ကန်သောစာရင်းအင်း အချက်အလက်များ၊ ညွှန်းကိန်းများ ကောက်ယူရာတွင် ဆက်စပ်ဌာနရှိ စာရင်းအင်း ယူနစ်များ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် လိုအပ်ကြောင်းကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ပန်းတိုင်များသည် အသေးစိတ်ပြီး ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည့်အတွက် ပြည်နယ်အတွင်း ကောက်ယူလျက်ရှိသည့် စစ်တမ်းများကို လိုအပ်သည်များ ပံပိုးကူညီဆောင်ရွက်သွားရန်နှင့် ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်သွားကြရန် ဖြည့်စွက်ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ ရှင်းလင်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

Visitors: 8,447