အင်းတော်ကြီးကန် ဇီဝအဝန်းနယ်မြေသတ်မှတ်ခံရခြင်းအထိမ်းအမှတ် အခမ်းအနားကျင်းပ

မြစ်ကြီးနား အောက်တိုဘာ (၃၁) 

မြန်မာနိုင်ငံ၏အကြီးဆုံးကန်ဖြစ်သည့် ကချင်ပြည်နယ်မိုးညှင်းခရိုင်အတွင်းရှိ အင်းတော်ကြီးကန် ဒေသအား ကန်နှင့်ပတဝန်းကျင်ဒေသရှိ ဇီဝမျိုးစုံမျိုးကွဲတန်းဖိုးများနှင့် ယဉ်ကျေးမှုတန်ဖိုးများမြင့်မား သည့်အတွက် နိုင်ငံတကာမှ အသိအမှတ်ပြုသည့်အနေဖြင့် ကန်၏ရေဝေရေလဲဒေသများ၊ စိုက်ပျိုးမြေ များနှင့် ကျေးရွာများပါဝင်သော နယ်မြေကို ယူနက်စကိုဇီဝအဝန်းနယ်မြေအဖြစ် ၂၀၁၇ ခုနှစ် ဇွန်လ(၁၅) ရက်က သတ်မှတ်ခြင်းခံခဲ့ရပြီး အင်းတော်ကြီးဇီဝအဝန်းနယ် မြေအဖြစ်သတ်မှတ်ခံရခြင်းအထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ(၃၁)ရက် နံနက်ပိုင်းတွင် အင်းတော်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဇီဝမျိုးစုံမျိုးကွဲများသည် လူသားများစဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး ဂေဟစနစ်ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ဇီဝမျိုးစုံ မျိုးကွဲပျက်ဆီး ဆုံးရှုံးမှုကနေ အကျိုးဆက်အားဖြင့် ရာသီဥတုပြောင်းလဲမှု၊ ရေရှားပါးမှု၊ သဘာဝဘေး အန္တရာယ်ကျရောက်မှု၊ စွမ်းအင်မလုံလောက်မှုစတဲ့ စိန်ခေါ်မှုအများအပြားနှင့်ကြုံတွေ့နေရပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲ ပျက်ဆီးဆုံးရှုံးမှု ဂေဟစနစ်အဆင့်အတန်းကျဆင်းမှုတို့ကို လျော့နည်းသက်သာစေဖို့ အဓိကထိန်းသိမ်းရေးမူဝါဒတစ်ရပ်အနေနဲ့ သဘာဝနယ်မြေတွေကို ကမ္ဘာ့အနှံ့အပြားမှာ တည်ထောင် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌လည်း အမျိုးအစားစုံလင်လှတဲ့ ဂေဟနစ်များကို ကိုယ်စားပြုထိန်းသိမ်း ကာကွယ်နိုင်ရန်အတွက် သဘာဝနယ်မြေတည်ထောင်ရေးကို အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံဧရိယာ၏ (၁၀)ရာခိုင်နှုန်းကို သဘာဝနယ်မြေအဖြစ် (၄၀)ခုကို တည်ထောင်ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အင်းတော်ကြီးကန်ဒေသကို ဇီဝအဝန်းနယ်မြေသတ်မှတ် ခြင်းသည် ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်များရေရှည်တည်တံ့စွာထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူများ သယံဇာတအရင်းအမြစ်များကို ရေရှည်ထုတ်ယူအသုံးချပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ပါကြောင်း၊ အင်းတော်ကြီးကန်သည် အရှေ့တောင် အာရှဒေသမှာ တတိယအကြီးဆုံးရေကန်ကြီးဖြစ်ပြီး ကန်၏ရေဝပ်ဒေသတွင် ရေဝေရေလဲ သစ်တောများသည် ဒေသရင်းမျိုးစိတ်များနှင့် ကမ္ဘာ့အဆင့်ခြိမ်းခြောက်မှုခံနေရသည့် ငှက်၊ ငါး၊ လိပ်၊ မျောက်နှင့် အခြားနို့တိုက်သတ္တဝါမျိုးစိတ်အများအပြား နေထိုင်ကျက်စားရာဒေသများဖြစ်ပါကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲတွေ၊ ဂေဟစနစ်တွေထိန်းသိမ်းရာမှာ နိုင်ငံအင်အား၊ ပြည်ပအကူအညီတို့နှင့် တင်မကပဲ အဓိကအရေးကြီးဆုံး အချက်ကတော့ ဒေသခံပြည်သူတွေ၏ ထောက်ခံအားပေးမှု၊ ပူးပေါင်းပါဝင်မှု ဖြစ်ပါကြောင်း၊ ဇီဝအဝန်းနယ်မြေသတ်မှတ်ခံရပြီးတာနှင့်ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း တစ်ရှိန် ထိုးအလိုလိုအောင်မြင်လာမည် မဟုတ်တာကို သတိပြုစေလိုပါကြောင်း၊ ဒီနေရာမှာ လုပ်ငန်းဆောင်ရွက် မှုကနေ အကျိုးဖြစ်ဖို့ အချိန်တစ်ခုအထိ လိုအပ်မှာဖြစ်တာကြောင့် စိတ်ရှည်သည်းခံဖို့ လိုအပ်မှာလည်း ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ 
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က အင်းတော်ကြီးကန်ဒေသအား နိုင်ငံ တကာအသိအမှတ်ပြု ယူနက်စကို ဇီဝအဝန်းနယ်မြေ ဖြစ်ကြောင်း ကြေညာပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အခမ်းအနားအထိမ်းမှတ် မှတ်တမ်းလွှာကို အပြန်အလှန် လက်မှတ်ရေးထိုး ကြသည်။ 
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာဂျာမနီ နိုင်ငံသံအမတ်ကြီးH.E.Ms.Dorothee Janetzke-Wenzel က ကြိုဆိုနှုတ်ခွန်းစကားပြောကြားကာ ဂျာမနီယူနက်စကို ဇီဝအဝန်းနယ်မြေ၊ ဥက္ကဌက နိုင်ငံတာဇီဝအဝန်းနယ်မြေကွန်ယက်၊ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအကြောင်းနှင့် Fauna & Flora Myanmar ဥက္ကဌ Mr.Matthew Walpole က ဇီဝအဝန်းနယ်မြေမိတ်ဆက်တင်ခဲ့ ကြကာ သဘာဝဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူးနှင့် ဂျာမနီဇီဝ အဝန်းနယ်မြေ ဒါရိုက်တာတို့က၊ မိတ်ဘက်အဖွဲ့အစည်း သဘောတူလက်မှတ်နှင့် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် Fauna & Flora Myanmar ဥက္ကဌ တို့က နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးကြသည်။
ထို့နောက် တာဝန်ရှိသူများက မြန်မာနိုင်ငံရှိ ဇီဝအဝန်းနယ်မြေများအကြောင်း၊ အင်းတော်ကြီးဇီဝ အဝန်းနယ်မြေ ထိန်းသိမ်းရေးအဇုန်နယ်မြေခွဲခြားခြင်းအကြောင်းနှင့် အင်းတော်ကြီးဇီဝအဝန်းနယ်မြေ ထိန်းသိမ်းရေးအတွက်စိန်ခေါ်မှုများနှင့် ရေရှည်တည့်တံ့သောဖွံ့ဖြိုးရေးအကြောင်းတို့ကို ရှင်းလင်းတင် ပြခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာဂျာမဏီသံအမတ်ကြီးနှင့်ခင်ပွန်း၊ မြန်မာနိုင်ငံဆိုင်ရာနော်ဝေသံအမတ်ကြီး၊ ဂျာမနီနိုင်ငံပတ်ဝန်း ကျင်ရေးရာဝန်ကြီးဌာနနှင့် ဇီဝအဝန်းနယ်မြေကွန်ရက်မှ ကိုယ်စားလှယ်များ၊ အာဆီယံဇီဝမျိုးစုံမျိုးကွဲ ဗဟိုဌာန၊ NGO , INGO နှင့် CBO များမှ ကိုယ်စားလှယ်များသည် အင်းတော်ကြီးကန်အတွင်း စက်လှေများဖြင့် လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့တို့က လုံးတုံ ကျေးရွာရှိ အင်းတော်ကြီးဒေသဆိုင်ရာ ပညာပေးပြခန်းအဆောက်အဦကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ဇီဝအဝန်းနယ်မြေများကို မျက်မှောက်ကာလတွင် နိုင်ငံပေါင်း(၁၂၀)မှာ ဇီဝအဝန်းနယ်မြေ (၆၆၉)ခုရှိပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အင်းလေးကန်ဒေသအပါအဝင် ယခုအင်းတော်ကြီးကန်(၂)ခု ကိုဇီဝအဝန်းနယ်မြေ အဖြစ်သတ်မှတ်ခဲ့ပြီး အင်းတော်ကြီးကန်သည် ဇီဝမျိုးစုံမျိုးကွဲ ထူးခြားစွာပေါများမှု ကြောင့် အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသကို ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ် အဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ်မှာ ငှက်မျိုးစိတ်အရေးကြီးနယ်မြေ အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်မှာ အရှေ့အာရှသြစတြေးလျငှက်ပျံသန်းလမ်းကြောင်း မိတ်ဖက်အဖွဲ၏ ကွန်ယက်နယ်မြေ အဖြစ်လည်းကောင်း၊၂၀၁၆ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ်လည်းကောင်း၊ ယခု၂၀၁၇ ခုနှစ်တွင် လူသားနှင့်ဇီဝအဝန်းနယ်မြေအဖြစ်လည်းကောင်း အသီးသီးသတ်မှတ်ခံခဲ့ရပါကြောင်းသိရှိရသည်။

Visitors: 8,518